အကြားအာရုံဆုံးရှုံးခြင်းနှင့် သက်ဆိုင်သည့် အမေးများသည့်မေးခွန်းများ

အကြားအာရုံဆုံးရှုံးခြင်းရဲ့ အစောပိုင်းလက္ခဏာတွေက ဘာတွေလဲ? ပျောက်ကင်းနိုင်လား? အကြားအာရုံကို ကာကွယ်နိုင်လား စတဲ့ အမေးများတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ‌မျှဝေပေးချင်ပါတယ်။

အကြားအာရုံဆုံးရှုံးခြင်းရဲ့ အစောပိုင်းလက္ခဏာတွေက ဘာတွေလဲ?

အကြားအာရုံဆုံးရှုံးနိုင်တယ်ဆိုတဲ့ အစောဆုံးလက္ခဏာတွေထဲက တစ်ခုကတော့ စားသောက်ဆိုင်လို ဆူညံနေတဲ့နေရာမှာ လူတွေပြောနေတာကို ရှင်းရှင်းလင်းလင်း မကြားနိုင်တဲ့အခါ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နောက်ခံဆူညံသံကြောင့် တစ်ဖက်လူကို ထပ်ခါတလဲလဲ ပြန်ပြောခိုင်းရပြီး ရှင်းရှင်းလင်းလင်း မကြားနိုင်ရင်တော့ အကြားအာရုံဆုံးရှုံးတယ်လို့ သံသယရှိရမဲ့အချိန်ဖြစ်ပါတယ်။ ဒါ့အပြင် တီဗီ သို့မဟုတ် ရေဒီယိုကဲ့သို့ အသံကြားနိုင်တဲ့ ကိရိယာပေါ်တွင် အသံအတိုးအကျယ်ကို မကြာခဏ တိုးကျယ်ရပါက သင့်ရဲ့အကြားအာရုံချို့တဲ့နေပါပြီ။ သင်ဟာစကားကျယ်ကျယ်ပြောနေရတယ်လို့ လူအများကပြောနေရပြီဆိုလျှင် သင်ဟာအကြားအာရုံဆုံးရှုံးနေပြီဆိုတဲ့ အရိပ်အ​ယောင်တစ်ခုလည်းဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ သင့်နားထဲမှာ အဆက်မပြတ် မြည်နေတဲ့ ဒါမှမဟုတ် အသံထွက်နေတယ်ဆိုရင် tinnitus လို့ခေါ်ပါတယ်။ ဒါဟာ အ​စောဆုံးလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီလက္ခဏာတွေရှိနေပြီဆိုရင်တော့ အကြားအာရုံကို အမြန်ဆုံးစစ်ဆေးဖို့ အရေးကြီးပါတယ်။ သင့်အကြားအာရုံကိုလည်း သင်ကိုယ်တိုင်စစ်ဆေးနိုင်ဖို့ hearWHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အခမဲ့ မိုဘိုင်းဖုန်း app ကို အသုံးပြုပြီး ကနဦးစစ်ဆေးမှူ ပြုလုပ်နိုင်ပါတယ်။

အကြားအာရုံဆုံးရှုံးမှုက ကုသလို့ရလား?

တစ်ချို့သောဖြစ်စေတဲ့ အကြောင်းအရင်းတွေက ကုသလို့ရပါတယ်။ နားအတွင်း နားဖာချေးပိတ်နေခြင်း၊ နားစည်ပေါက်ခြင်း၊ နားပိုးဝင်ခြင်းတို့က ဆေးဝါး သို့မဟုတ် ခွဲစိတ်ကုသနိုင်ပေမဲ့ အချို့သောအကြောင်းအရင်းတွေက ကုသလို့မရတာတွေရှိပါတယ်။ သူတို့ကိုတော့ နားကြားကိရိယာတပ်ခြင်း (Hearing Aids) နှင့် ခွဲစိတ်နားကြားစက်တပ်ခြင်း (Cochlear Implant) ထည့်မှသာ ပြန်ကြားနိုင်မှာပါ။ ဒါတွေကိုလည်း ဖြစ်နိုင်သမျှ အစောဆုံးစတင်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အကြားအာရုံကို ပုံမှန်စစ်ဆေးပြီး အထက်မှာပါတဲ့ အကြားအာရုံဆုံးရှုံးမှု လက္ခဏာတွေကို စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။

အကြားအာရုံကာကွယ်နိုင်ဖို့ နေ့စဥ်လုပ်ဆောင်နိုင်တဲ့အရာတွေက ဘာတွေလဲ?

အရင်ဆုံး သင့်နားကိုသန့်ရှင်းရေးလုပ်ဖို့ မည်သည့်နားဖာချေးကလော်တံ၊ ဝါဂွမ်းတံများ၊ တုတ်ချောင်းများကို မသုံးပါနှင့်။ နားဟာ သူ့အလိုလို သန့်ရှင်းပေးနိုင်တဲ့ အင်္ဂါဖြစ်သောကြောင့် ဒါတွေလုပ်ဖို့မလိုပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့် ရောဂါပိုးကူးစက်ခြင်း၊ နားပိတ်ဆို့ခြင်း၊ နားစည်ပေါက်ခြင်းများ ဖြစ်တတ်ပါတယ်။ အိမ်သုံးကုထုံးမျိုးဖြစ်တဲ့ နားအတွင်းဆီထည့်ခြင်းမျိုးကလည်း နားမှာ ပြဿနာရှိရင် မလုပ်သင့်ပါဘူး။

သင်လုပ်ရမှာက သင့်နားကြပ်ရဲ့ အသံအတိုးအကျယ်ကို သတိပြုရမှာပါ။ အသံကို အကျယ်ဆုံးကျယ်နိုင်သလောက်ရဲ့ ၆၀% အောက်မှာ ထားပေးပါ။ သီချင်းနားထောင်တဲ့ အချိန်ကိုလည်း ကန့်သတ်ပြီး သင့်ဖုန်းထဲမှာ ထည့်ထားတဲ့ App များဖြင့် တိုင်းတာဖို့အရေးကြီးပါတယ်။
အကယ်၍ သင်ဟာအလုပ်အစည်းအဝေးအတွက် နားကြပ်များ အသုံးပြုနေပါက ဖြစ်နိုင်ရင် နားကြပ်ကို ခဏဖြုတ်​ပြီး ကွန်ပျူတာမှ speaker ကိုသာအသုံးပြုခြင်းအားဖြင့် ခဏခဏအနားပေးပါ။

ဒါ့အပြင်ဆူညံတဲ့နေရာသွားလျှင် နားအစို့များကိုတပ်ဆင်ပေးပါ။

ဒီအချက်လေးတွေကို ဂရုစိုက်ပေးခြင်းဖြင့် ကျနော်တို့ ဘဝတစ်လျှောက်လုံးအတွက် ကောင်းမွန်စွာ အသံကြားနေနိုင်ရန် အမှန်တကယ် ကူညီပေးနိုင်ပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *