ကျနော်တို့ အချင်းချင်း စကားပြောဆက်သွယ်ကြတဲ့အခါ အရင်ဆုံး အသံရှိ၊ မရှိ ကို သိရတယ်။ ကျနော်တို့ကြားလိုက်တဲ့ အသံ၊ စကားလုံးကဘယ်ကနေလာလဲဆိုတာကို ခွဲခြားသိရှိပြီး အဓိပ္ပာယ်ကို နားလည်အောင် ကြိုးစားပြီး ပြန်ဖြေကြတာပါ။ ဒီလိုနည်းနဲ့ ကျနော်တို့အချင်းချင်း ဆက်သွယ်ပြောဆိုကြပါတယ်။
ဒါဟာကျနော်တို့ ငယ်ငယ်လေးကတည်းက အကြားအာရုံကောင်းမွန်ခဲ့လို့ တကူးတက လေ့ကျင့်စရာမလိုပေမဲ့ မွေးရာပါအကြားအာရုံချို့ယွင်းလို့ နားကြားကိရိယာ သို့မဟုတ် အတွင်းနားအတု စက်တပ်ထားတဲ့ ကလေးတွေမှာဆိုရင်တော့ အကြားအရုံပြန်လည်ဖွံ့ဖြိုးဖို့အတွက် Listening Ladder လို့ခေါ်တဲ့ Erber’s Hierarchy ကို လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။
အကြားအာရုံပိုင်းဆိုင်ရာ စွမ်းရည် ဖွံ့ဖြိုးမှု အဆင့်များ (Erber’s Hierarchy) မှာ အဆင့် ၄ ဆင့် ရှိပါတယ်။
အဆင့် ၁ – အသံရှိ၊ မရှိ သိရှိခြင်းအဆင့် (Detection)
အဆင့် ၂ – အသံများ တူ၊ မတူခွဲခြားသိရှိခြင်းအဆင့် (Discrimination)
အဆင့် ၃ – မည်သည့်အသံဖြစ်သည်ဆိုတာကို သိရှိနားလည်ခြင်းအဆင့် (Identification)
အဆင့် ၄ – စကားလုံးအဓိပ္ပာယ်ကို နားလည်သဘောပေါက်ခြင်းအဆင့် (Comprehension)
ဒီအဆင့် ၄ ဆင့်ကို အကြားစွမ်းရည်ဖွံ့ဖြိုးရန်အတွက် ကလေးငယ်ကို လေ့ကျင့်သင်ကြားပေးရန်လိုပါတယ်။
အဆင့် ၁ – အသံရှိ၊ မရှိ သိရှိခြင်းအဆင့် (Detection)
အကြားအာရုံကောင်းတဲ့ကလေးငယ်တွေမှာ အသံလေးတွေကြားရရင် မျက်ခုံးတွန့်သွားတာ၊ ဆော့နေတာရပ်သွားတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေကို တွေ့ရနိုင်ပါတယ်။
နားကြားကိရိယာတပ်ထားတဲ့ ကလေးတွေမှာလည်း သူတို့ပတ်ဝန်းကျင်မှာ အသံရှိ၊ မရှိကို သတိပြုမိအောင် သင်ကြားပေးရပါမယ်။ ဘာအသံလဲဆိုတာကို နားလည်စရာ မလိုပါဘူး။
သင်ကြားပုံ –
- ကလေးမမြင်နိုင်သည့်နေရာမှ သို့မဟုတ် ပါးစပ်ကို ကွယ်၍ အသံပေးပါ။
- အသံကြားတိုင်း ကလေးမှ ပစ္စည်းတစ်ခုခုကို ခြင်းထဲသို့ ထည့်ခြင်း စသည့်နည်းလမ်းတစ်ခုခုဖြင့် အသံကိုသတိထားမိကြောင်း တုန့်ပြန်ခိုင်းပါ။
- ကလေး၏ အပြုအမူကိုအကဲခတ်ပါ။ အသံကြားသည့်အချိန်တွင် အသံရှိရာကိုလှည့်ကြည့်ခြင်း၊ နှုတ်မှ အသံလိုက်ပြုခြင်းရှိ မရှိ သတိထားကြည့်ပါ။
အဆင့် ၂ – အသံများ တူ၊ မတူခွဲခြားသိရှိခြင်းအဆင့် (Discrimination)
ဒီအဆင့်မှာတော့ ကလေးငယ်ဟာ သူကြားရတဲ့အသံ ၂ မျိုးက တူ၊ မတူကို ခွဲခြားတတ်နိုင်တဲ့ စွမ်းရည်ရဖို့ လေ့ကျင့်ပေးရမှာပါ။ အသံကိုခွဲခြားတတ်ဖို့က တိုက်ရိုက်သင်ပြပေးလို့မရပေမဲ့ မတူတဲ့အသံတွေကို များများနားထောင်လာတာနဲ့အမျှ ဒီစွမ်းရည်ကလည်း တိုးတက်လာမှာပါ။
သင်ကြားပုံ –
- အသံထွက်မတူသောစာလုံးများထဲမှ မိမိပြောတဲ့အသံထွက်စာလုံးကို ကလေးငယ်အားရွေးချယ်ခိုင်းပါ။
- ကလေးမှ မိမိပါးစပ်လှုပ်ပုံကို သတိမထားမိစေရန် ပါးစပ်ကိုကွယ်ပြီး အသံပေးပါ။
အဆင့် ၃ – မည်သည့်အသံဖြစ်သည်ဆိုတာကို သိရှိနားလည်ခြင်းအဆင့် (Identification)
ဒီအဆင့်မှာတော့ ကလေးငယ်က သူကြားရတဲ့အသံက ဘယ်ကလာသလဲဆိုတာကို သိရန် လေ့ကျင့်ပေးရမှာပါ။
ဥပမာ ဖုန်းအသံမြည်ရင် ဖုန်းကိုလိုက်ကြည့်တာ၊ ဘဲလ်အသံမြည်ရင် တံခါးကိုကြည့်တာမျိုးဟာ အသံဘယ်ကလာလဲဆိုတာကို နားလည်တဲ့ တုန့်ပြန်မှုမျိုးပါ။
သင်ကြားပုံ –
- ကလေးအား တိရစ္ဆာန်အရုပ်များပေးထားပါ။ သက်ဆိုင်ရာ အကောင်နှင့် အော်သံများကို ကလေးအား မှတ်သားထားစေပါ။
- ပေးလိုက်သောအသံနှင့် မှန်ကန်သော တိရစ္ဆာန်အမျိုးအစားကိုရွေးချယ်ခိုင်းပါ။
အဆင့် ၄ – စကားလုံးအဓိပ္ပာယ်ကို နားလည်သဘောပေါက်ခြင်းအဆင့် (Comprehension)
နောက်ဆုံးအဆင့်ကတော့ အကြားအာရုံတစ်ခုတည်းကိုသာ အသုံးပြုပြီး ကလေးရဲ့ စကားလုံးနားလည်မှုကို စမ်းသပ်ရမှာပါ။
သင်ကြားပုံ –
- ကလေးနှင့် အမေးအဖြေပြုလုပ်ခြင်း၊ မိမိပြောသည့် ညွှန်ကြားချက်များအတိုင်း လိုက်လုပ်ခိုင်းခြင်း စသဖြင့် လေ့ကျင့်ပေးလို့ရပါတယ်။
Can I hear a sound (detection), know what it is not (discrimination), single out what it is (identification), and use that information for something meaningful (comprehension)?