ဆီးချိုနှင့်အကြားအာရုံချို့ယွင်းမှု

အမေရိကန်နိုင်ငံရဲ့စစ်တမ်းကောက်ချက်အရ ‌နိုင်ငံအတွင်းနေထိုင်သူတွေရဲ့ ၃၇ မီလီယံသောသူတွေက အကြားအာရုံချို့ယွင်းမှုကိုခံစားနေရပါ‌တယ်။ ဒါ့အပြင် နားလေး‌ဝေဒနာဟာ ဆီးချို‌ရောဂါခံစားနေရသူတွေမှာ ဖြစ်ပွားနှုန်းနှစ်ဆတက်နေတာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ၁၃၃ မီလီယံသောလူတွေက သွေးတွင်းသကြားဓာတ်များနေတာဖြစ်လို့ နားလေးနိုင်စွမ်းက သွေးတွင်းသကြားဓာတ်ပုံမှန်ရှိတဲ့သူတွေထက် ၃၀ ရာခိုင်နှုန်းကိုများပါတယ်။

ဆီးချိုရောဂါနဲ့ နားလေးတာဘယ်လိုဆက်စပ်လဲ?

ဆီးချိုရောဂါဟာ လက်၊ ခြေထောက်၊ မျက်လုံးနဲ့ ကျောက်ကပ်ကဲ့ သို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ Nerve Damage ကိုဖြစ်စေနိုင်တယ်လို့လူတော််တော်များများက သိကြပါတယ်။ ထင်ရှားတဲ့ ဖြစ်ရပ်တွေဖြစ်တဲ့ မိမိလက်သို့မဟုတ်ခြေထောက်ကို ထိတာ မခံစားရတော့ခြင်း၊ အမြင်အာရုံဝေဝါးလာခြင်း၊ ဆီးလမ်းကြောင်းမှာ ကမောက်ကမ ဖြစ်ခြင်း စသည်တို့ကိုတော့ ရင်းနှီးသိရှိပြီးသားဖြစ်ပေမဲ့ နားမှာရှိတဲ့ အာရုံကြောလေးတွေထိခိုက်နိုင်တာကိုတော့ တော်တော် များများက မေ့‌နေတတ်ကြပါတယ်။

ဆီးချိုရောဂါဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို မထိန်းထားနိုင်တဲ့သူတွေမှာ အချိန်ကြာလာရင် နားနဲ့ဆက်စပ်နေတဲ့ သွေး‌ကြောလေးတွေနဲ့ အာရုံကြောလေးတွေကို ထိခိုက်လာနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားမှု အတွင်းနားမှာရှိတဲ့ သွေးကြောလေးတွေနဲ့ အာရုံကြောတွေကိုထိခိုက်စေနိုင်ပြီးကြာလာရင်နားလေးသွားစေတာပါ။ သွေးတွင်းသကြားဓာတ်ကျဆင်းမှုကတော့ အတွင်းနားမှ ဦးနှောက်ကို သတင်းအချက်အလက်တွေပို့ဆောင်တဲ့နေရာမှာထိခိုက်သွားစေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်နေအောင်ထိန်းထားဖို့ အလွန်အရေးကြီးတာပါ။

ဆီးချိုရှိတဲ့သူတွေမှာအောက်ပါ လက္ခဏာများကို သတိထားပြီးစောင့်ကြည့်ရပါမယ်။

  • အခြားသူများကို ပြောပြီးသားစကားကို ထပ်ခါထပ်ခါ ပြောခိုင်းခြင်း
  • လူနှစ်ယောက်အထက်ပါဝင်သော စကားဝိုင်းများတွင် ပြောဆိုနေသောအကြောင်းအရာများကို မလိုက်နိုင်ခြင်း
  • မိမိနားမကြားတာကို သတိမမူမိဘဲ အခြားသူများက စကားကိုလုံးထွေးပြောဆိုနေသည်ဟုသာထင်နေခြင်း
  • စားသောက်ဆိုင်ကဲ့သို့လူများသောနေရာများတွင် စကားလုံးများကိုသဲသဲကွဲကွဲကြားရရန် ခက်ခဲခြင်း
  • မိန်းမနှင့်ကလေးအသံများနားထောင်ရန်ခက်ခဲခြင်း
  • ရုပ်ရှင်ကြည့်ရာတွင် TV အသံကို အခြားသူများနားမခံနိုင်အောင်ချဲ့ထားခြင်း

ဆီးချိုကြောင့် အကြားအာရုံချို့ယွင်းခြင်းကိုဘယ်လိုကာကွယ်ကြမလဲ?

  • သွေးတွင်းသကြားဓာတ်ကို အတတ်နိုင်ဆုံး Target Level ရောက်အောင်ထိန်းချုပ်ထားခြင်း
  • နှစ်စဥ် အကြားးအာရုံကိုပုံမှန်စစ်ဆေးနေခြင်း
  • ဆူညံသံကဲ့သို့ အကြားအာရုံထိခိုက်စေနိုင်သော အကြောင်းရင်းများကို ရှောင်ကြဥ်ခြင်း
  • မိမိလက်ရှိသောက်နေသောဆေးများက အကြားအာရုံကိုထိခိုက်နိုင်ခြေရှိမရှိနဲ့ ရှိခဲ့ပါက အခြားဆေးပြောင်းသောက်ဖို့လိုမလို မေးမြန်းခြင်း

ဆီးချိုရောဂါဖြစ်လာပြီဆိုရင် အကြားအာရုံကိုကာကွယ်ဖို့တစ်ခုတည်းတင်မက မိမိရဲ့ နေ့စဥ်ဘဝမှာ ပိုမိုကောင်းမွန်တဲ့ LifeStyle ကိုရရှိနိုင်ဖို့ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ နားမကြားရင်မိမိရဲ့ နေ့စဥ်ဘဝကိုထိခိုက်နိုင်တဲ့အပြင် မိမိနဲ့ စကားပြောဆိုသူတွေအတွက်လည်းအဆင်မပြေဖြစ်စေတဲ့ အတွက် ဆီးချိုရှိသူတွေက မိမိအကြားအာရုံအတွက်ပဲဖြစ်ဖြစ် သတိထားပြီး သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်နေသင့်ပါတယ်။