နှလုံးသွေးကြောကျဥ်းတယ်ဆိုတာဘာလဲ။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစာအာဟာရနဲ့ အောက်စီဂျင်ကို Arteries လို့ ခေါ်တဲ့ သွေးလွှတ်ကြောများက ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်စ် (cells) များအားလုံးဆီသို့ ပို့ဆောင်ပေးပါတယ်။
နှလုံးမှ ညှစ်ထုတ်လိုက်တဲ့ အစာအာဟာရနဲ့ အောက်စီဂျင်ပြည့်ဝနေတဲ့သွေးတွေကို ကောင်းမွန်စွာသယ်ဆောင်ဖို့အတွက် ကျန်းမာတဲ့ သွေးလွှတ်ကြောလေးတွေရဲ့ နံရံဟာ သန့်ရှင်းပြီး ချောမွေ့နေရပါမယ်။
ဒါပေမယ့် သွေးလွှတ်ကြောတွေမှာ ကိုလက်စထရော (cholesterol) လိုမျိုး အဆီအစိုင်အခဲတွေ၊ calcium တွေ များလာပြီဆိုရင်တော့ သွေးလွှတ်ကြောနံရံ ထူလာတာ/ ကျဉ်းလာတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလို အခြေအနေမျိုးကို နှလုံးသွေးကြောကျဉ်းခြင်း Atherosclerosis လို့ ခေါ်ပါတယ်။
Symptoms
နှလုံးသွေးကြောကျဉ်းတာဟာ အစပိုင်းမှာဆိုရင်တော့ သိသာထင်ရှားတဲ့လက္ခဏာ မပြသပါဘူး။
ခန္ဓာကိုယ်ထဲကို သွေးလုံလုံလောက်လောက် မသယ်ဆောင်နိုင်လောက်အောင် သွေးလွှတ်ကြောတွေက ကျဉ်းနေ/ ပိတ်နေမှသာ ရောဂါလက္ခဏာ ပြသတတ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ ရင်ဘတ်အောင့်ခြင်း (Chest pain or Angina) ၊ အသက်ရှူမဝခြင်း ၊ ခေါင်းမူးခြင်းတို့အပြင် ခြေထောက်မှာ ရှိတဲ့ သွေးလွှတ်ကြောကျဉ်းနေ/ ပိတ်နေပါက လမ်းလျှောက်လျှင် တင်ပါး/ ပေါင်/ ခြေသလုံး နာကျင်ကိုက်ခဲခြင်းနှင့် ခြေချောင်းများ ထုံကျဉ်ခြင်း အစရှိသည်တို့ ခံစားရနိုင်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ကတော့ ရုတ်တရက် နှလုံးရပ်တန့်ခြင်း (Heart Attack)၊ လေဖြတ်ခြင်းနှင့် အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ နှလုံးသွေးကြောကျဉ်းတာ အဖြစ်များလဲ။
- ဆေးလိပ်သောက်သူများ
- သွေးတိုးရောဂါရှိသူများ
- သွေးချိုရောဂါရှိသူများ
- သွေးထဲတွင် မကောင်းသောအဆီများနေသူများ (High Cholesterol (LDL) level)
- အဝလွန်သူများ
- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
- အသက်အရွယ်ကြီးသူများ
နှလုံးသွေးကြောကျဥ်းခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ
Quit Smoking
ဆေးလိပ်သောက်ခြင်းမှ ရှောင်ရှားပါ။
Exercise
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက သွေးတွင်းရှိ အဆီဓာတ်ကို လျှော့ချပေးနိုင်ရုံသာမက သွေးပေါင်ချိန်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။
Checkups
မိမိ၏ သွေးပေါင်ချိန် (blood pressure) ၊ သွေးတွင်းသကြားဓာတ် (blood sugar level) နှင့် သွေးတွင်းရှိ cholesterol level ကို ပုံမှန် တိုင်းတာပေးပါ။
Healthy Diet
ပုံမှန်စားသုံးပေးသင့်သော အစားအသောက်များ
- ပဲအမျိုးမျိုး
- ငါးအမျိုးမျိုး
- ဘယ်ရီသီးများ
- strawberries, raspberries, cranberries
- အသီးအရွက်ဆီများ
- သံလွင်ဆီ၊ နေကြာဆီ
- အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
- ဆလပ်ရွက်၊ ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက် အစရှိသည့်အရွက်များ
- ဟင်းခတ်အမွှေးအကြိုင်များ
- မုန်လာဥ
- အစေ့အဆန်များ နှင့်
- အုတ်ဂျုံမှုန့် (oatmeal)
လျော့စားသင့်သော အစားအသောက်များ
- အဆီ
- cholesterol
- ဆား
- သကြားဓာတ်များစွာ ပါဝင်နေတတ်သော နို့နှင့် နို့ထွက်ပစ္စည်းများ နှင့်
- ဥအမျိုးမျိုး
နှလုံးသွေးကြောကျဉ်းခြင်းက အသက်အန္တရာယ်ထိခိုက်နိုင်တာကြောင့် ရောဂါမဖြစ်အောင် မိမိ၏ ဘဝနေထိုင်မှုပုံစံ (lifestyle) ကို အထက်မှာ ဖော်ပြထားတဲ့အတိုင်း ပြောင်းလဲနေထိုင်ဖို့ လိုအပ်ပါတယ်။
ရောဂါလက္ခဏာများ ပြသလာလျှင်လည်း သက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ဆွေးနွေးပြီး သင့်လျော်သောကုထုံးကို ခံယူသင့်ပါတယ်။