နားကြားကိရိယာတစ်ဖက်တည်းတပ်သင့်လား? နှစ်ဖက်တပ်သင့်လား?

ကျနော်တို့ နားကြားကိရိယာတပ်ဖို့ ဆုံးဖြတ်တဲ့အခါ တစ်ဖက်တည်းတပ်မလား နှစ်ဖက်တပ်မလား ဆိုတာကိုလည်း ထည့်သွင်းစဥ်းစားကြပါတယ်?❓

အရင်ဆုံး နားစမ်းသပ်ပြီး ထွက်လာတဲ့ ရလဒ်အရ သင်ဟာ နားနှစ်ဖက်စလုံးမှာ အကြားအာရုံချိုယွင်းတာဆိုရင်တော့ နားကြားကိရိယာကို နှစ်ဖက်လုံး တပ်ဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ တစ်ချို့ သူတွေ နားကြားကိရိယာ နှစ်ဖက်တပ်ရင် ကုန်ကျစရိတ်များတာကြောင့် ကြားရရင်ပြီးရော ဆိုပြီး တစ်ဖက်တည်းတပ်ဖိုရွေးချယ်ကြပါတယ်။

နားကြားကိရိယာနှစ်ဖက်တပ်ရင် ကုန်ကျစရိတ်များတာတော့မှန်ပေမယ့် ရလာမဲ့ အကျိုးကျေးဇူးကလည်း အတော်လေးများပါတယ်။ နားအကြားအာရုံနှစ်ဖက်လုံး ချိုယွင်းသူတွေအနေနဲ့ နားကြားကိရိယာကို နှစ်ဖက်တပ်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို အနည်းငယ် ပြောပြပေးပါမယ်။

၁။ နားကြားကိရိယာ နှစ်ဖက်လုံးမှာတပ်ထားတဲ့အတွက် နား နှစ်ဖက်လုံးဘယ်ဘက်ကပြောပြော နားထောင်ရတာအဆင်ပြေပါတယ်။ လူများတဲ့နေရာတွေမှာဆိုရင် အသံတွေ အားစိုက်နားထောင်စရာမလိုတဲ့အတွက် ဒီအားသာချက်က သိသာပါတယ်။

၂။ နားကြားကိရိယာ နှစ်ဖက်တပ်ခြင်းအားဖြင့် အသံကိုပိုကျယ်ကျယ်ကြားနိုင်ပါတယ်။ ဒီဖြစ်စဥ်ကို Binaural Summation လို့ခေါ် ပါတယ်။ အသံတွေကို ကြည်ကြည်လင်လင်နဲ့ အလွယ်တကူကြားနိုင်တာကြောင့် နားကြားကိရိယာတပ်ဆင်တဲ့သူကိုယ်တိုင်လည်း စိတ်အနှောင့်အယှက်မဖြစ်ဘဲ ပေးရတဲ့စျေးနဲ့တန်တဲ့ စိတ်ကျေနပ်မှုမျိုးရရှိစေပါတယ်။

၃။ အသံတွေကို ဦးနှောက်ကို ပို့ဆောင်ရာမှာ နားနှစ် ဖက်လုံးကနေ ပို့ပေးတာဖြစ်တာကြောင့် ဦးနှောက်ကနေ အချက်အလက်များကို မြန်ဆန်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

၄။ နားကြားကိရိယာ နှစ်ဖက်တပ်ထားတဲ့သူတွေက အသံဘယ်ဘက်ကလာတယ်ဆိုတာကို ကောင်းစွာ သိနိုင်ပါတယ်။ ဥပမာ အခန်းထဲမှာ ဖုန်းသံကြားရရင် နားကြားကိရိယာနှစ်ဖက်တပ်ထားတဲ့သူအနေနဲ့ ဖုန်းသံဘယ်နားကလာလဲဆိုတာကို အလွယ်တကူသိနိုင်ပေမဲ့ နားကြားကိရိယာတစ်ဖက်တည်း တပ်တဲ့သူကတော့ ဖုန်းကို ခက်ခက်ခဲခဲ ရှာနေရတတ်ပါတယ်။

၅။ ဆူညံတဲ့ပတ်ဝန်းကျင်မှာဆိုရင် ကျနော်တို့ ဦးနှောက်က ဆူညံသံနဲ့ စကားသံကို ခွဲခြားပေးရတဲ့တာဝန်ကို လုပ်ဆောင်ပါတယ်။ နားကြားကိရိယာနှစ်ဖက်တပ်ထားတဲ့သူမှာဆိုရင် ဒီလုပ်ဆောင်ချက်က ပိုပြီးကောင်းတဲ့အတွက် စကားသံနဲ့ ဆူညံသံတွေကို ကွဲပြားပါတယ်။ စားသောက်ဆိုင်လိုနေရာမျိုးမှာဆိုလည်း ကိုယ်နားထောင်ချင်တဲ့အသံကို သေချာကြားရပါတယ်။

အထက်ပါအချက်တွေက ကျနော်တို့နေ့စဥ်ဘဝမှာ ကြုံနေရမဲ့ အခြေအနေတွေဖြစ်တာကြောင့် အသေးအဖွဲလို့ သဘောမထားဘဲ ရေရှည်အတွက် ထည့်သွင်းစဥ်းစား ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။