အကြားအာရုံနှင့် နားကျန်းမာရေး

ယနေ့ခေတ်မှာ အသက်ကြီးတဲ့သူတွေသာမက လူငယ်တွေ ကလေးတွေပါ အကြားအာရုံချို့ယွင်းလာကြပါတယ်။ အကြားအာရုံချို့ယွင်းမှုဖြစ်စေတဲ့ အ‌ဓိကအကြောင်းအရင်း ၂ ချက်ကတော့ အသက်ကြီးလို့ အကြားအာရုံချို့ယွင်းခြင်း နှင့် ဆူညံသံကြောင့် အကြားအာရုံချို့ယွင်းခြင်းတို့ပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါ နားထဲက အကြားအာရုံဆဲလ်တစ်ချို့ ပျက်စီးပြီး အသံတွေကို ကြားနိုင်စွမ်း လျော့နည်းလာပါတယ်။ ဒါ့အပြင် အလွန်ဆူညံမှုတွေကလည်း နားထဲက ဆဲလ်တွေကို ပျက်စီးစေပြီး အကြားအာရုံချို့ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်။

အကြားအာရုံကို အချိန်အနည်းငယ်အတွင်း တိုးတက်အောင်လုပ်လို့ရမဲ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆူညံသံများကိုရှောင်ခြင်း။

ကျနော်တို့နားတွေက ပုံမှန်ကြားနေရတာထက် အလွန်ကျယ်လောင်တဲ့ အသံတွေကို မကြားရအောင် စစ်ထုတ်နိုင်စွမ်းမရှိတာကြောင့် ဆူညံသံတွေက ခန္ဓာကိုယ်အတွင်းပိုင်းမှာ ထိခိုက်မှုတွေကို ဖြစ်ပေါ် စေပါတယ်။ နားကခံနိုင်စွမ်းရှိတဲ့ အတိုင်းအတာအတွင်း ကျယ်လောင်သံများကြောင့် မပျက်စီးနိုင်ပေမဲ့ လေယာဥ်သံ၊ စက်ကိရိယာသံတွေနဲ့ ယာဥ်အမျိုးမျိုးက ထွက်ပေါ် လာတဲ့ အကြားအာရုံအတွက် ထိခိုက်စေတဲ့ အသံတွေကို အမြဲလိုလိုထိတွေ့နေပါက အကြားအာရုံဆုံးရှုံးမှုကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။

၂။ သီချင်းနားထောင်တဲ့အခါ အသံကျယ်ကျယ်နားမထောင်သင့်ပါ။

ကျနော်တို့ တော်တော်များများက အလုပ်လုပ်ရင်းဖြစ်စေ၊ workout လုပ်ရင်းဖြစ်စေ သီချင်းနားထောင်လေ့ရှိကြပါတယ်။ ဒီလိုနားထောင်တဲ့‌အခါမှာ အချိန်ကြာကြာ အသံအမြင့်ကြီးတင်ပြီးနား‌ထောင်တာက အကြားအာရုံကို ဆုံးရှုံးသွားစေတတ်ပါတယ်။ ဒါကြောင့် သီချင်းနားထောင်တဲ့ အခါ အသံအကျယ်ကြီးနားမ‌ထောင်မိစေရန်နှင့် အချိန်အကြာကြီး နားမထောင်မိစေဖို့ ဂရုစိုက်သင့်ပါတယ်။

၃။ နားသန့်ရှင်းရေးဂရုစိုက်ပါ။

နားကိုသန့်ရှင်းရေးလုပ်တဲ့အခါ အလွန်အကျွံသန့်ရှင်းရေးလုပ်ခြင်းကို ရှောင်ရပါမယ်။ နားအတွင်းပိုင်းကို တုတ်ချောင်း သို့မဟုတ် ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးကလော်တာက အခန့်မသင့်ရင် နားစည်ကို ထိခိုက်စေနိုင်ပါတယ်။ နားဖာချေးက နားအတွင်းပိုင်းကို သန့်စင်ပေးနိုင်တဲ့ သဘာဝစနစ်တစ်ခုဖြစ်တာကြောင့် နားဖာချေးတွေကို တစ်စမကျန်ထုတ်ပစ်တာမျိုးမလုပ်သင့်ပါဘူး။ နားထဲကနာတာ၊ ယားတာမျိုးကြုံရရင် စိတ်အထင်အတိုင်း ကလော်တာမျိုး၊ နားထဲကိုတစ်ခုခုထည့်တာမျိုး၊ အရွက်အရည်တွေ ညှစ်ထည့်တာမျိုး မလုပ်သင့်ပါဘူး။ နားအရမ်းနာလာရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးဖြစ်ပါတယ်။

၄။ နားကိုအနားပေးပါ။

ဖျော်ဖြေပွဲတွေ ကလပ်တွေကဆူညံတဲ့ သီချင်းသံတွေက နားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုပွဲတွေသွားတဲ့အခါ အပြင်ဘက်ကို ခဏထွက်ပြီး နားကို အနားပေးပါ။ ပွဲပြီးသွားလို့ ပြန်လာတဲ့အခါမှာလည်း တိတ်ဆိတ်တဲ့နေရာမှာ နေပြီး နားကို အနားပေးသင့်ပါတယ်။

၅။ အကြားအာရုံတိုးတက်စေတဲ့ လေ့ကျင့်ခန်းများ လုပ်ပေးပါ။

အကြားအာရုံတိုးတက်စေတဲ့ လေ့ကျင့်ခန်းဆိုတာ ကျနော်တို့ gym မှာသွားဆော့သလိုတကူးတကကြီးလုပ်စရာလိုမလိုပါဘူး။ တိတ်ဆိတ်တဲ့နေရာမှာ ၁၅မိနစ်‌လောက် လမ်းလျှောက်ပေးခြင်းကလည်း အကြားအာရုံတိုးတက်စေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

၆။ အစားအသောက်ကို ဂရုစိုက်ပါ။

အကြားအာရုံကောင်းစေဖို့အတွက် Folic acid, Zinc, Magnesium နဲ့ ဗီတာမင်ဘီတို့ ပါဝင်တဲ့ အစားအသောက်တွေကို အာဟာရမျှတအောင်စားပါ။ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို နားအတွင်း သွေးလှည့်ပတ်မှုကို ထိခိုက်စေတာကြောင့် အဆီများတဲ့ အစားအစာတွေကိုရှောင်ပါ။

ဒီနေ့မျှဝေပေးတဲ့ အကြောင်းအရာလေး‌တွေက အကြားအာရုံထိခိုက်မှုကို ကာကွယ်ပေးနိုင်ပြီး အကြားအာရုံတိုးတက်မှုကို အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။