သင်ဟာ ဆူညံသံများတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်နေရသူ ဖြစ်ပါသလား?
ဆူညံသံ တွေက သင့် အကြားအာရုံကို ထိခိုက်စေတယ်ဆိုတာကို သင်သိပါသလား?
ဆူညံသံကြောင့် အကြားအာရုံချို့ယွင်းခြင်းက ကာကွယ်လို့ရတယ်ဆိုတဲ့အကြောင်းကို သင့်အတွက် မျှဝေပေးချင်ပါတယ်။
ဆူညံသံ ဆိုတာ ဘာလဲ?
85dB နှင့် အထက်အသံအားလုံးဟာ ဆူညံသံဖြစ်ပြီး 85dB နှင့် အထက်အသံများကို အချိန်ကြာမြင့်စွာ နားထောင်ပါက တစ်သက်တာ အကြားအာရုံဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။
အသံကျယ်နှုန်း အဆင့်များ
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အသံများ၊ မော်တာစက်သံများဟာ အချိန်ကြာကြာ ကြားနေရလျှင် နားအတွက် အန္တရာယ်ရှိတဲ့ ဆူညံသံတွေ ဖြစ်ပါတယ်။
အကြားအာရုံ ချို့ယွင်းမှု အဖြစ်များဆုံး (၂) ချက်
အသက်ကြီးခြင်းကြောင့်ဖြစ်သော အကြားအာရုံချို့ယွင်းခြင်းနှင့် ဆူညံသံကြောင့် အကြားအာရုံထိခိုက်ခြင်းသည် အဖြစ်များဆုံး ၂ ချက်ဖြစ်ပါတယ်။ အသက်ကြီးခြင်းကြောင့် အကြားအာရုံ ချို့ယွင်းလာတာက သဘာဝဖြစ်စဥ် ဖြစ်တဲ့ အတွက် ကာကွယ်လို့မရပေမဲ့ ဆူညံသံကြောင့် အကြားအာရုံထိခိုက်ခြင်းကိုတော့ ကာကွယ်လို့ရပါတယ်။
ဆူညံသံကြောင့် အကြားအာရုံ ထိခိုက်နေပြီ ဖြစ်ကြောင်း ညွှန်ပြနေသော လက္ခဏာများ
- သင့်နားထဲမှာ အသံတဝီဝီမြည်နေခြင်း၊ နားအူခြင်း။
- စကားလုံး သဲသဲကွဲကွဲ မကြားရခြင်း။
- ငှက်သံ၊ မိန်းမအသံများ၊ ကလေးအသံများကဲ့သို့ အမြင့်သံများကို မကြားရခြင်း။
- နားထဲတွင်လေများပြည့်နေသကဲ့သို့ ဖြစ်နေခြင်း။
ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
ဆူညံသံများသောနေရာတွင် အလုပ်လုပ်မည်ဆိုလျှင်
- နားအုပ်၊ နားအစို့ ကဲ့သို့ နားအကာအကွယ်များကို တပ်ဆင်ရန် မမေ့ပါနှင့်။
- ဆူညံသံကို တစ်ဦးတည်း အချိန်ကြာကြာ ထိတွေ့ရခြင်းမဖြစ်စေရန် အလှည့်ကျစနစ်ထားရှိ၍ အလုပ်လုပ်ပါ။
- ဆူညံသံနှင့် တတ်နိုင်သမျှ ဝေးဝေးနေပါ။ နားနေဆောင်ကဲ့သို့ နေရာများကို ဆူညံသံနှင့် ဝေးကွာသည့်နေရာတွင် ထားပါ။
- ဆူညံသံများကို ထိတွေ့ပြီးလျှင် နားကို အနားပေးရန် အတွက် ဆူညံသံကင်းမဲ့ဇုန် ထားရှိပေးရပါမယ်။
- အကြားအာရုံအသိပညာပေးပွဲများကို မိမိဝန်ထမ်းများအတွက် မကြာခဏကျင်းပပေးပြီး ဝန်ထမ်းများကလည်း ပညာပေးပွဲများကို တက်ရောက်သင့်ပါတယ်။
- ၆ လတစ်ကြိမ် နားစမ်းသပ်ခြင်းကို ပြုလုပ်ပေးရပါမယ်။